နှလုံးအမောဖောက်တော့မယ်ဆိုတာ သိနိုင်တဲ့ လက္ခဏာများ
နှလုံးအမောဖောက် (heart attack) တယ်ဆိုတာ နှလုံးထဲမှာ သွေးစီးဆင်းမှု လျော့နည်းသွားတာ ဒါမှမဟုတ် ပိတ်ဆို့သွားတာကြောင့် ဖြစ်တာပါ။ နှလုံးသွေးကြောနံရံတွေမှာ တဖြည်းဖြည်းစုလာတဲ့ ကိုလက်စရောတွေ၊ အဆီတွေ နဲ့ တခြားအရာတွေကြောင့် plaque လို့ခေါ်တဲ့ အစိုင်အခဲအဖတ်တွေ ဖြစ်လာပါတယ်။ အဲဒီအစိုင်အခဲတွေက သွေးကြောနံရံကနေ ပြုတ်ထွက်သွားပြီး ဖြစ်လာတဲ့ သွေးခဲက သွေးကြောထဲမှာ ရုတ်တရက် ပိတ်ဆို့တာကြောင့် နှလုံးအမောဖောက်တာ ဖြစ်လာတာပါ။
သွေးခဲရဲ့ ပမာဏအပေါ်မူတည်ပြီး လုံးဝပိတ်ဆို့သွားတာ ဒါမှမဟုတ် တစိတ်တပိုင်းပဲ ပိတ်ဆို့တာမျိုး ဖြစ်တဲ့အတွက် ရောဂါလက္ခဏာပြင်းထန်မှုကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ နှလုံးအမောဖောက်တာဟာ နှလုံးသွေးကြောပိတ်တာကြောင့် အဓိကဖြစ်ပေမယ့် တခြားဖြစ်စေတဲ့ အကြောင်းတွေလည်း ရှိပါသေးတယ်။
Coronary artery spasm လို့ခေါ်တဲ့ နှလုံးသွေးကြောတွေ ကျုံ့ခြင်းကြောင့်လည်း နှလုံးအမောဖောက်နိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ်နဲ့ တချို့ ဗိုင်းရပ်စ်ပိုးတွေကြောင့် နှလုံးကြွက်သားတွေထိခိုက်တာ၊ spontaneous coronary artery dissection လို့ခေါ်တဲ့ ရုတ်တရက် နှလုံးသွေးလွှတ်ကြော ပေါက်ထွက်တာတွေကြောင့်လည်း နှလုံးအမောဖောက်တာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုသိနိုင်သလဲ??
နှလုံးအမောဖောက်တော့မယ်ဆိုတာကို အောက်ပါလက္ခဏာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။
- ရင်ဘတ်အောင့်တာ (သာမာန်နဲ့မတူဘဲ ရင်ဘတ်ထဲမှာ လေးလံတင်းကျပ်ပြီး တစ်ခုခုနဲ့ဖိထားသလို ဆုပ်ဆွဲထားသလို အောင့်ပြီး ပခုံး၊ လက်မောင်း၊နောက်ကျော၊ လည်ပင်း၊ မေးရိုးနဲ့ သွားတွေအပြင် တခါတရံ ဝမ်းဗိုက်အပေါ်ပိုင်းထိပါ အောင့်တာနာတာ)
- ချွေးစေးတွေထွက်တာ
- အစာမကြေ ရင်ပူသလိုဖြစ်တာ
- ခေါင်းကိုက် ခေါင်းမူးနေတာ
- အသက်ရှူကျပ်တာ
- မောပန်းပြီး နုံးချိနေတာ
- ပျို့အန်တာ စတာတွေပါပဲ။
အထက်ပါလက္ခဏာတွေကို အနည်းနဲ့အများ ခံစားရရင် နှလုံးအမောဖောက်နိုင်ခြေ ရှိလို့ ဆေးစစ်သင့်ပါတယ်။
အထူးသဖြင့် ရင်ဘတ်ထဲမှာ ဆုပ်ဆွဲထားသလို လေးလံနေပြီး အနားယူရင်လည်း မသက်သာတာဟာ နှလုံးအမောဖောက်တာရဲ့ ရှေ့ပြေးလက္ခဏာမို့ မပေါ့ဆဖို့ သတိပေးပါရစေ။
သွေးကြောတွေပိတ်နေတာကို ဘယ်လိုသိနိုင်မလဲ?
- အလွယ်ကူဆုံး နည်းလမ်းကတော့ ECG နှလုံးစမ်းစက်ကနေ သိနိုင်ပါတယ်။
- သွေးစစ်တာ၊ သွေးကြောထဲကို ဆေးသွင်းပြီး ဓာတ်မှန်ရိုက်တာကနေလည်း သိနိုင်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့
- နှလုံးခုန်နှုန်းမြန်ပြီး နှလုံးခုန်နှုန်း မမှန်ရာကနေ နှလုံးရပ်သွားတာ
- နှလုံးက မညှစ်နိုင်တော့ဘဲ shock ရသွားတာ
- နှလုံးနံရံ ကွဲထွက်တာ စတာတွေဟာ နှလုံးအမောဖောက်ပြီး မကြာခင် ဖြစ်လာတတ်တာမို့ ကုသမှု မဦးခဲ့ရင် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
ဘယ်လောက်ကြာရင် ပြန်ကောင်းမလဲ??
မိမိရဲ့အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ နှလုံးထိခိုက်မှု အခြေအနေနဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ကုသမှုကို ဘယ်လောက်စောစီးစွာ ရခဲ့သလဲ အပေါ်မူတည်ပြီး ၂ ပတ်လောက်မှာ ပြန်ကောင်းနိုင်သလို လပေါင်းများစွာ ကြာတဲ့ထိလည်း ဖြစ်နိုင်ပါတယ်။
နှလုံးအမောဖောက်တာဟာ အချိန်မီကုသမှု ခံယူရင် ပြန်ကောင်းနိုင်ခြေရှိတာမို့ အထက်ပါ လက္ခဏာတွေ ရှိနေရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
|
Htet Htet Khine
24 Feb 2023
|
သွေးတိုးရှိပါတယ် နှလုံးအောင့်တာအပြင် တခါတရံ ဆစ်ခနဲ ဆစ်ခနဲ့ အထဲက ဖစ်တာပါ
ဘာများဖစ်တာလဲ